(၁)
ကမ္ဘာကြီးက ဆံပင်ရှည်ရှည်တွေကို သပ်ဖယ်ကြည့်တဲ့ ည ....
ပိုး..ကို ကျွန်တော် သတိရလိုက်တာ..
လရောင်ဆမ်းတဲ့သူ့မျက်နှာ ရှင်းသန့်ထုံသင်း
ပွင့်ဖက်တွေနဲ့ ခပ်ဖွဖွ ပစ်နေကြတယ်။
ရင်ခွင်အစစ်မှာ ဟန်ဆောင်တတ်သူတစ်ယောက် ..
ကိုယ့်အချစ်ကိုယ် ပခုံးပေါ်တင် သွားနေတယ်
ကျွန်တော့်အတွက်တော့ ပိုးရဲ့ရင်ခွင်ဟာ ..ဝင်ခွင့်မရသေးတဲ့ မြို့တော်ပါပဲ...
ဘယ်နေ့လဲ ...ဘယ်တော့လဲ...။
အခုရော ...ဘယ်လိုလဲ...။
နှင်းဆီဆူးချွန်တွေ အဆိပ်ပြင်းပြင်းတောက်...
သူ့ရင်ခွင်ကို စောင့်ရှောက်ထားကြလိမ့်မယ်။
ဝေးရာကိုသွား
အဝေးဆုံးမှာနေ....
(၂)
ကျွန်တော် မှတ်ထားသမျှ
ပိုးရဲ့.. အမြင် အကြည့်တွေက သိပ်ဖော်ရွေလွန်းတယ်။
ရယ်သံတွေလွှမ်း ၊ ပျော်စရာတွေကမ်း
သူ့နှုတ်ခမ်းလွှာလေးတွေ ဖွင့်ဖူးတာ မမြင်ဖူးအောင်...
လက်ကလေးနှစ်ဖက်နဲ့ ရုန်းအုပ်ခဲ့ဖူးတယ်။
အချစ်က သတိရခြင်းကို တွန်းပို့
အချိန်အထပ်ထပ်တိုင်အောင် လွမ်းရစေသလို
ပိုးက
ကျွန်တော့်ညကို တစ်ပြင်လုံးခင်း ပုံရိပ်တွေနဲ့ ခြေဆင်းနေထိုင်တယ်။
မာနမကပ် ၊မုသားမတွယ်၊ မေတ္တာရေကြည်စက်နဲ့
အို....ပိုးရေ
မျက်ရည်ကျတဲ့လက်တွေနဲ့ ဗုံတီးခဲ့ရုံသာမက
သူမအတွက် ကျွန်တော့်ရင်ခွင်
လွင်ပြင်တစ်ခု ဖြစ်ပေးခဲ့တယ်။
"ချစ်ရသူ" အမည်တပ်
ရေဝင်ပြေးလှည့် ရေအေးကြည်သာ
ကန်ပိုင်မာလျက် ကြိုနေပြန်တယ်။
(၃)
အိပ်မက်က ညထဲတိုးဝင်သွားပီး
လူက အိပ်ရာပေါ်ကျန်နေခဲ့တယ်။
ကျွန်တော့်အတွက်
သူ့ရင်ဘက်ကို ကျွန်တော်ပြန်မက်လို့မရဘူး။
ကျွန်တော့် "ပိုး"ကို နားချပေးကြပါ။
အနာဂါတ်မှာ ရုပ်ကြွင်းပြစရာမရှိတဲ့
အရေပြားတစ်ထောက်စာ လူချွန်တစ်ဦးက
ပိုး ရင်ခွင်ကို ကျွန်တော့်အရင်ယူသွားတယ်။
အူနုခွေဝမ်းဗိုက်ထက် ကျွဲခတ်ခံရသလို
စိတ်မာန်ပြင်းပြင်း မုန်တိုင်းဆင်လာတယ်။
စကားလုံးနဲ့တားတား စည်းနဲ့ခြားခြား
ရင်ဘက်ပေါ်က မြတ်နိုးခြင်းက မပျက်ပြယ်သွားပါဘူး။
ဒါပေမဲ့ပေါ့...ပိုးရယ်
(၄)
ပိုးမှာ...နာကျင်နေရတဲ့ ချစ်ခြင်းဒဏ်ရာတွေ
တေးသွားမှိုင်းမှိုင်းကြီးတွေနဲ့ ရှိနေတယ်။
ကျွန်တော်ကိုယ်တိုင်က ဒဏ်ရာတွေ ပွေ့ပိုက်ထားသူ
သူ့ကို ထူလို့ မကူညီပေးနိုင်ခဲ့ဘူး။
ပိုးမှာ....
သစ္စာကို မသိ၊ ချော့မြှူခြင်းမရှိ၊ သွားမယ့်လမ်းမတူ
သူချစ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။
ပိုးဟာ...
အနုပညာနဲ့ မဖော်ပြနိုင်စွမ်းတဲ့ အလွမ်းခန်းတွေကို
ရင်ဘက်နဲ့ ဝတ်ဆင်ထားသူဖြစ်တယ်။
ပိုးက....
အခြားသော မိန်းခလေးတွေထက် ပိုမထူးခြားပါဘူး။
လိပ်ပြာတော့ ပိုလှချင်လှမယ်။
ကျွန်တော်ကလည်း ချစ်ခဲ့တယ်လေ။
(၅)
လွန်ခဲ့တဲ့ တစ်လကျော်
မိုးပက်မှာစိုးလို့ သူ့ဆိုင်ခန်းလေးဝိုင်းပြင်တော့
ပိုးရဲ့ ရယ်သံလေး ချိုချိုတေးပေါ့။
စိတ်လိုရင် ကဗျာတွေစပ်
ရင်ဘက်ကိုဆွဲဖွင့် နံရံတွေ ဖြိုဖျက်
ကျွန်တော့်ရင်ခုန်သံအတက်အကျ
စာရွက်ပေါ်မှာချပြခဲ့တယ်။
ပိုးက စကားတစ်လုံး ပြန်ပြောလာရင်
တည်ငြိမ်မှုကင်းစင်
လောကကြီးက ရှိသမျှသောအပြုံးတွေ
ကျွန်တော့်မျက်နှာပေါ် အကုန်ရောက်လာကြတယ်။
"သူစိမ်းတစ်ယောက်ပါ" တဲ့
လွဲချော်နေတဲ့ ရင်ငွေ့တစ်စုံနဲ့ ကျောက်သားထက်ငေးငိုင်
ကျွန်တော်ကလည်း အချစ်ကြီးခဲ့တယ်။
ကျွန်တော့် အလွမ်းဇာတ် ဝင်္ကပါပတ်ခဲ့ပေါ့။
(၆)
မျှော်လင့်မထားတဲ့ မနက်ဖြန်ကို ဖွင့်ကြည့်ဖို့
ပန်းနုရောင်ဓားသွားတစ်လက်က လိုနေခဲ့ပီ။
ကျွန်တော်က ဗြီလိန်ကြီးလုပ်၊ သူမက သီတာဒေဝီမင်းသမီးလုပ်
သူ့အချစ်ကို ရယူလိုသူ သရုပ်နဲ့
လေးကိုင်းကြီးကို ကျွန်တော့်စိတ်နဲ့ "မ"တင်ကြည့်ဖူးတယ်။
ကျွန်တော့် အလင်းဆန်ဆန်ပြတိုက်ကြီးရဲ့ သူရဲကောင်းက
ရာဝဏပါပဲ
ရာဝဏဘက်ကအားပြု၊ ရာမကို အမုန်းမကျေ၊ ကျိတ်ခွဲ
ကျွန်တော့်ရင်ဘက် ရာဝဏလို မြှားအစင်းစင်း စိုက်ခဲ့ပြန်တယ်။
ပိုးက သတိမရ...ကျွန်တော်က သတိရ
ကျွန်တော် သတိရလည်း ပိုးမသိ...ကျွန်တော်ပဲသိ။
ဇာတ်ဝင်ခန်းလေးတစ်ခုက ပြောတယ်
"တမ်းတသူက လွမ်းရမြဲ"တဲ့။
(၇)
ဒဂါင်္းပြားလေးမှာ ခေါင်းနဲ့ပန်းကပ်ထားတာကမှ ဝေးဦးမယ်
ကျွန်တော်က ပိုးနဲ့နီးကပ်နေချင်တာ မလွဲမသွေပေါ့..။
သူငယ်ချင်းတွေ ဖတ်တဲ့နမိတ်နဲ့ ပိုးရင်ထဲက ပုံဖမ်းကားချပ်
လွဲမှားနေတာ ဘာဖြစ်လို့လဲ...
ကျွန်တော်နဲ့ ပြက္ခဒိန်များ တရွေ့ရွေ့ဝေးသွား။
ကျွန်တော်က ပန်းကိုလိုလို့ အပင်ပျိုးသူ..
ရေလောင်းလိုက်၊ ပေါင်းသင်လိုက်
စိတ်ကူးထားတဲ့ မွှေးရနံ့မျိုး၊ ပွင့်ဖက်မျိုး
လေပြေရိုင်းတွေနဲ့က မသေချာ။
ဘီလူးတွေနဲ့ ခဏခဏတိုက်တယ်
ခြင်္သေ့တွေနဲ့ ခဏခဏကိုက်တယ်
အဲ့သလိုနဲ့...
ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော်ဟာ လူမိုက်ကြီးဖြစ်လာတယ်။
ဗြီလိန်တစ်ယောက်ရဲ့ စစ်ရထား မြှားကာတွေဖွင့်လို့
လက်နက်လေးမြှားတွေ
တစ်စင်းတစ်လက်စီ ရင်ခွင်ကို နင်းဖြတ်စေသည်....။
(၈)
တစ်နေ့သောအခါက....
ဆံပင်ခပ်ဝဲဝဲလေးကို ဆည်းဆာလိုအုပ်ရုံထားတဲ့
ဒဏ္ဍာရီဆန်တဲ့အလှ
ကျွန်တော့်ရင်ကို အနီသွေးခြယ်ချတယ်။
ကျွန်တော်...
မျှော်ယောင်ဖူးမော်၊ ဘောင်ခတ်မျက်ဝန်း
ရွှေသမင်သည်သာ ရှုံးနိမ့်သွားရမြဲ...
ပိုးဟာ...
ကျွန်တော်လျှောက်မယ့်အနာဂါတ်မှာ အိမ်မက်ရဲ့သမီးပျိုဖြစ်တယ်။
ရင်ခုန်လှိုက်မော၊ သွေးလွန်နေတဲ့ ဇရပ်ပျက်
တေးသီချင်းမဆို
ကျွန်တော် တွေးရင်းငိုတယ်။
ပိုးရယ်...
လူတစ်ယောက်က မြစ်ကို ဘယ်နှစ်ခါ ဖြစ်ကူနိုင်မှာလဲ...
ဆိုစကား.......
ကြမ္မာကံရဲ့ အရေး၊ အဖတ်၊ အပြော
သဘာဝလို ဝတ်ရုံ
ကံထမ်းလာတာ မမြင်ရ
လှံထမ်းလာတာကို ကျွန်တော်မြင်နေရ။
ပိုးရဲ့ အမူရာတို့က....
ကိန္နရီကိန္နရာတို့ ကသလို တစ်ဖြည်းဖြည်းနဲ့ လွင့်ပျံလှပလာနေခဲ့။
(၉)
ကန္တာရသစ်ပင်တန်း ခြောက်သွေ့သွေ့ပူဇော်
ဂျစ်ပစီတစ်ယောက်ရဲ့ မှာတမ်း
ဓားကိုလည်းဆုပ်ကိုင်ရင်း လမ်းကိုလည်းပြတင်းဖွင့်ရင်းလာခဲ့...
ပိုးဟာ
မီးတောက်တွေ အညွန့်တလူလူထတဲ့ တေးဂီတကို
ပေါက်ကွဲအားတွေနဲ့ ပေါင်းစပ်
စိတ်ဖြေရာ နာဆင်တတ်တယ်။
"ပိုး ချက်ကျွေးမယ့်
ထမင်းတစ်လုပ် တုတ်တစ်ချက်
ကျွန်တော် လက်ပိုက်ရပ်ပီးစားမယ်။"
သစ်ပင်က
သူ့အကိုင်းကသစ်သီး ရင့်မှည့်နေပီလို့ ထင်နေတုန်း
ခုန်ချလိုက်ရအောင်လေ...
အလင်းရောင်မဲ့စွာ ကျွန်တော်ရှိရာကမ္ဘာ
အမှောင်တွေလှည့်ကွပ်
အညတရကြယ်လေး ဖွေးနေအောင် ပွင့်ထွက်...။
(၁၀)
ပိုးရေ....
"၁။ကိုယ်ကလည်း ချစ်ရမယ်။
၂။ကိုယ့်ကိုလည်း ပြန်ချစ်အောင်လုပ်တတ်တယ်။
အဲ့တာမျိုးကို မိန်းမလို့ခေါ်တယ်" တဲ့
ကျွန်တော့် ...နေရောင်မှာဖွေးတဲ့ ဓားသွား ..လရောင်နဲ့အေးတဲ့ မေတ္တာ
မြင်းမိုရ်တောင်ကိုဖြို
ပိုးကို အကောင်းမြင်စိတ်နဲ့ ကြိုလို့နေမယ်။
နေ့ ည အသင်္ချေ
နှလုံးသား၏ အမြင်အာရုံကို ပဝါဖြူဖြူစည်း
ပိုးတစ်ယောက်ကိုပဲ ချစ်တတ်စေသတည်း.....။
မြစ်ရေချစ်ခြင်း အစုန်အဆန်ဆင်း
မြစ်ရေချစ်ခြင်း အစုန်အဆန်ဆင်း
တိကျသေချာနေတဲ့ စုတ်တီးစုတ်ပဲ့နံရံ
ပုံရိပ်စစ်တွေ အန်တယ်။
ပန်းချီဆေးတံ၊ မိုးတစ်ဆုံးလေတစ်ဆုံး ကင်းဘတ်တစ်စ
တိမ်ရုပ်တွေ ပျံသန်းကျတယ်..။
ပိုးရယ်...
(၁၁)
ပိုးဟာ....တခါးတွေကို နာရီနဲ့ပိတ်
ညမှောင်ရင် အပြင်မထွက်တတ်တဲ့ မိန်းခလေးမျိုးဖြစ်တယ်။
ဆေးစွဲနေတဲ့ သစ်ပင်အိုကြီးမှာ ရွှေဝါရောင်လေးပွင့်နေသလို
ယဉ်ကျေးမှုခေတ်ပျက်ထဲ
ပါးကွက်ကြားအိုလေး ကျောက်ပြင်သွေး လိမ်းခြယ်။
ပိုးရဲ့ ဘာသာဗေဒကို
သီအိုရီနဲ့တွက်တွက်၊ ကဗျာနဲ့ကျက်ကျက်
အဓိပါယ်ကို ဘယ်လိုရှာရှာမတွေ့ခဲ့။
ကျွန်တော်.
နံနက်ခင်းကို မရတော့ပေမဲ့ ရောင်ခြည်စက်ကို ပိုင်သေးတယ်။
လင်းတောက်ဖြာဖြာ
ဆောင်းတစ်ကြိမ်....မိုးတစ်ကြိမ် အသက်နဲ့လဲလို့ ရဲရင့်ပြနေ...။
(၁၂)
ပိုးရဲ့ ဥပါယ်တံမျဉ်မှာသာ
ရေခဲမြစ်ကိုထိုးခွဲတူးဆွ.. မိုးအလင်းအိပ်စက်
တွေ့ဆုံခြင်းကြိုးတစ်စမှာ ခွဲခွာရန်တွေသီချပစ်ခဲ့...။
ရင်ဘက်ကို ဖွင့်ကြိုရုံကလွဲလို့
ဖော်ရွေမပြတတ်ဘူး...
ဝေးကွာ....
ရောက်မလာ...အဝေးမှာ။
မျှော်လင့်ခြင်းတွေက ဘယ်အရာမှ တိမ်ပမသွားဘူး။
လက်တွေထဲ ကောက်ရိုးတစ်မျှင်စ တလဲ့လဲ့ရှင်သန်ချည့်နှဲ့..
ကြေမွသွားအောင် ဆွဲငင်..အားအင်...
ပိုးရဲ့အနာမှာ... လိပ်ပြာတစ်ကောင်လိုသာ ရစ်ဝဲနေချင်တော့တယ်။
(၁၃)
လမ်းတွေကို လျှောက်နေတဲ့ ခြေထောက်တွေ အိုဟောင်းသွားရင်
နောင်နှစ်ပေါင်းများစွာကို ရောက်မယ်။
နှင်းဆီဆူးသွား အဆိပ်ပြင်းပြင်းတောက်နေတဲ့ရင်ခွင်ကို
သံကျောက်တွေနဲထုလုပ်ထားတဲ့ လူတစ်ဦးလာမယ်။
ချစ်ခြင်းကိုမသိ၊ သံယောဇဉ်ကိုမတွယ်တာ
အဲ့လူဟာ ငါပေါ့ ပိုးရယ်...
ပြန်လည်တွေ့ဆုံခွင့်တွေကို ဘုံအထပ်ထပ်မှာ ဆုတည်လို့ရမလား။
ငါ့ရှေ့မှာ မျဉ်းပြိုင်တွေ အနတ္တအကွာအဝေးကို ဆုတ်ခွာပြေးကြတယ်..။
ချစ်သူ့ရင်ခွင်
ချစ်သူ့ဥပေက္ခာ
နက္ခတ်တာရာနတ်မင်းတွေက
ငါ့လက်ဖဝါးပေါ်မှာ အက်ကြောင်းရှည်တွေမန်းမှုတ်
ကျွန်းကြီးတစ်ကျွန်းလုပ်လို့ ဖန်းဆင်းထားပစ်ခဲ့ကြလို့သာပေါ့..။
ပိုးရယ်...
ပြသဒါးတစ်လှည့် ရက်ရာဇာတစ်လှည့်
ကိုယ်စီ နန်းတက်ကြတဲ့
ပန်းနုရောင် ပြက္ခဒိန်လေး
ရင်ကွဲနာတွေကို တန်း စီ လို့ ချ ရေး ထား ခဲ့ ပီ ......။
+++++++++++++@ညရိုးရာ++++++++++++++
(ပြိုင်ပွဲဝင်ကဗျာ)
0 ဦးရေးထားခဲ့ပါသည်။:
Post a Comment